ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော NUG ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါ ပါလီမန်အမတ်များနှင့် မြန်မာ့အရေးဆွေးနွေး
အောက်တိုဘာလ (၂၇)ရက်၊ ၂၀၂၃ ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့သည် Parliamentarian Friends of Democratic Burma အဖွဲ့၏ လွှတ်တော်အမတ်များအပါအဝင် မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားနေသော ကနေဒါလွှတ်တော်အမတ်များနှင့် အောက်တိုဘာ ၂၅ ရက်နေ့က ပါလီမန်အဆောက်အအုံတွင်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ကနေဒါနိုင်ငံလွှတ်တော်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးယူဆောင်ရွက်မှုများ၊ တောင်းဆိုမှုများ၊ မြန်မာ့အရေးနှင့်ပတ်သက်၍ အစိုးရထံသို့ မေးခွန်းများမေးမြန်းခဲ့ကြသော ကနေဒါလွှတ်တော်အမတ်များအား ပြည်ထောင်စု ဝန်ကြီးမှ မှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် လက်ရှိ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသော ရာဇဝတ်မှုများကို အမြန်ဆုံးကာကွယ်တားဆီးနိုင်ရန်အတွက် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ကနေဒါနိုင်ငံကဲ့သို့ လူ့အခွင့်အရေး၊ တရားမျှတမှုကို ဦးဆောင်လုပ်ဆောင်နေသည့်နိုင်ငံအနေဖြင့် စစ်အုပ်စုကို ဘဏ္ဍာရေးပိတ်ဆို့မှု၊ စစ်ရေးကူညီမှုများပိတ်ဆို့မှုနှင့် နိုင်ငံတကာ တရားဥပဒေလမ်းကြောင်းများအရ အရေးယူဆောင်ရွက်ရန်အတွက် တက်ကြွစွာဦးဆောင်မှုသည် အထူးအရေးပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသော ရာဇဝတ်မှုများကို အမြန်ဆုံးကာကွယ်တားဆီးနိုင်ရန်အတွက် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ကနေဒါနိုင်ငံကဲ့သို့ လူ့အခွင့်အရေး၊ တရားမျှတမှုကို ဦးဆောင်လုပ်ဆောင်နေသည့်နိုင်ငံအနေဖြင့် စစ်အုပ်စုကို ဘဏ္ဍာရေးပိတ်ဆို့မှု၊ စစ်ရေးကူညီမှုများပိတ်ဆို့မှုနှင့် နိုင်ငံတကာ တရားဥပဒေလမ်းကြောင်းများအရ အရေးယူဆောင်ရွက်ရန်အတွက် တက်ကြွစွာဦးဆောင်မှုသည် အထူးအရေးပါကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ပါလီမန်အတွင်းရှိ လွှတ်တော်အမတ်များအနေဖြင့် ကနေဒါအစိုးရ၏ လက်ရှိမြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုများ ပိုမိုအားကောင်းလာရန် လက်ရှိလုပ်ဆောင်နေသော အရေးယူဆောင်ရွက်မှုများကို နိုင်ငံတကာပူးပေါင်းပါဝင်သော အရေးယူဆောင်ရွက်မှုအဖြစ်ပြောင်းလဲရန်အတွက် ဆောင်ရွက်ပြီး မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံးဖြစ်ပေါ်လာရန်အတွက် ထပ်မံကြိုးစားဖို့ တိုက်တွန်းပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီနှင့် NUG, NUCC နှင့် CRPH တို့အတွက် လက်တွေ့ကျသော ကူညီထောက်ပံ့မှုများ ပူးပေါင်း လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ပါသည်။
ကနေဒါလွှတ်တော်အမတ်များအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပါတီပေါင်းစုံပါဝင်လက်မှတ်ထိုးထားသည့် တိုက်တွန်းတောင်းဆိုချက်တစောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ထိုတောင်းဆိုချက်တွင် ကနေဒါအစိုးရအနေဖြင့် NUG နှင့် CRPH ကို တရားဝင်အစိုးရနှင့် လွှတ်တော်အဖြစ် အသိအမှတ်ပြု သွားရန်၊ လူသားချင်းစာနာမှု အကူအညီများကို နယ်စပ်ဖြတ်ကျော်မှုမှတဆင့် ပိုမိုပေးအပ်ရန် တိုက်တွန်းသွားမည့်အကြောင်း ပြောကြားခဲ့ပါသည်။
ထိုတွေ့ဆုံပွဲသို့ MP Adam Chambers (Shadow Minister for the National Revenue) MP Garnett Genuis (Shadow Minister for the International Development)၊MP Stephanie Kusie ( Member of the Panels of Chairs for the Legislative Committes)၊MP Dave Epp ( Standing Committee on Foreign Affairs and International Development)၊ MP Shuvaloy Majumdar (Standing Committee on Health)၊ MP Ziad Aboultaif (Standing Committee on Foreign Affairs and International Development) တို့ တက်ရောက်ခဲ့ပါသည်။
ထို့အပြင် လွှတ်တော်များ စွမ်းရည်တိုးတက်မြင့်မားရေးအတွက် လုပ်ဆောင်နေသော ပါလီမန်စင်တာအဖွဲ့နှင့်လည်း တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် လွှတ်တော်ပိုင်းဆိုင်ရာ စွမ်း ရည်မြင့်မားရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို တင်ပြဆွေးနွေးခဲ့ပါသည်။
Related Content


