ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ရံပုံငွေရှာ ဈေးရောင်းပွဲနှင့် NUG EoD, Bond ရောင်းချပွဲကို တက်ရောက်အားပေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံခရီးစဉ် ပြီးဆုံးပြီးနောက် သြစတြေးလျနိုင်ငံ၊ အနောက်ပိုင်းပြည်နယ်မြို့တော့် Perth မြို့သို့ ၂၀၂၃ ခုနှစ်၊ မေလ (၂၀) ရက်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးအား ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့်အတူ Perth ရှိ မြန်မာတိုင်းရင်းသား မိသားစုများနှင့်အတူ CRPH/NUG Support Group (Western Australia) အဖွဲ့၏ တာဝန်ရှိသူများက လေဆိပ်တွင် လှိက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။
၂၀၂၃ ခုနှစ်၊ မေလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Perth မြို့အခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာ့အရေး အမြင်များကို ဖလှယ်ခဲ့ကြပါသည်။ ထို့နောက် Perth Town Hall တွင် ပြုလုပ်နေသည့် ရံပုံငွေရှာ ဈေးရောင်းပွဲနှင့် NUG EoD, Bond ရောင်းချပွဲကို တက်ရောက်အားပေးခဲ့ပါသည်။
အဆိုပါ Perth Town Hall တွင် ဆက်လက်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနတို့က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အသိပေးတင်ပြခြင်း၊ ကိုယ်စားလှယ်ရုံး၏ ဆောင်ရွက်နေမှုများကို တင်ပြအစီရင်ခံခြင်းများကို ပြုလုပ်ခဲ့ပြီး ည ၈ နာရီအချိန်တွင် အဆိုပါ လူထုတွေ့ဆုံပွဲ အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။
Related Content


