ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ကမ္ဘာလုံးဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး နှင့်အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးတို့နှင့် တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားရေးဝန်ကြီးဌာန ၊နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲံဝင် ဒေါ်ခိုင်ဇာအောင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC) ၏ ကမ္ဘာလုံးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Owen Tudor၊ITUC အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးShoya Yoshida တို့နှင့် ၁၃.၆.၂၀၂၃ ရက်နေ့ တွင် ဆွစ်ဇလန်နိုင်ငံ ၊ ဂျနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အောက်ဖော်ပြပါအချက် (၃)ချက်ကိုဆွေးနွေးခဲ့ကြပါသည်။
- မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ကျူးလွန်ေနေသည့် လွပ်လပ်စွာသင်းပင်းဖွဲ့စည်းမှု (Freedom of Association) နှင့် အဓမ္မစေခိုင်းမှုဆိုင်ရာ (Forced Labour) ချိုးဖောက်မှုများကို ILO ၏ Commission of inquiry မှ စုံစမ်းစစ်ဆေးနေမှုတွင် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များ
- ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများက NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်( ITUC ) နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေး
- ပိုမိုထိရောက်မှုရှိသော စီးပွါးရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေး အပါအဝင် အခြားအရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ကိုယ်စားလှယ်များသည် လုပ်ငန်းကဏ္ဍအလိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဖြစ်သည့်အပြည်ပြည်ဆိုင်ရာ သစ်လုပ်ငန်း နှင့် ဆောက်လုပ်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWI) ၏ အထွေထွေအတွင်းရေးမှူး Ambet Yuson နှင့်အဖွဲ့ ၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ၊ သတ္တုနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IndustriALL) လက်ထောက်အထွေထွေအတွင်းရေးမှူး Kemal Özkan နှင့်အဖွဲ့ တို့ကို ITUC ကိုယ်စားလှယ်အဖွဲ့ နှင့် အတူ ထပ်မံတွေ့ဆုံခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးမှုတွင် စွမ်းအင်ကဏ္ဍမှ ဝင်ငွေများ စစ်ကောင်စီထံသို့ စီးဝင်နေမှုကို ရပ်တန့်နိုင်ရေး၊ လေယာဉ်ဆီတင်ပို့ရောင်းချမှု ကို ပိတ်ပင်တားဆီးနိုင်ရေးအတွက် အာမခံကုမ္ပဏီများမှတဆင့် ကြိုးပမ်း ဆောင်ရွက်နိုင်ရေး နှင့် မြန်မာနိုင်ငံအတွင်း သို့ ငွေကြေး စီးဆင်းမှု ရပ်တန့်နိုင်ရေး အပါအဝင် စီးပွားရေး ပိတ်ဆို့အရေးယူ နိုင်ရေးအတွက် အလုပ်သမားသမဂ္ဂများက လုပ်ဆောင်နိုင်မည့်ကိစ္စ ရပ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်၊ ထို့ပြင် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြသည်။
Related Content


