ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ တွင် စုဝေးနေကြသော အရပ်သားပြည်သူများအား အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ တွင် စုဝေးနေကြသော အရပ်သားပြည်သူများအား အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု

ဧပြီလ ၁၁ရက်နေ့မနက် ၈နာရီအချိန်က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ တွင် စုဝေးနေကြသော အရပ်သားပြည်သူများအား အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး၊ MI-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံးအပြစ်မဲ့ရွာသား စုစုပေါင်း (၅၃)ဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများအပြားပါဝင်ကြောင်း သိရှိရသည်။
 
ယခုကဲ့သို့ လုပ်ဆောင်မှုသည် ယခုတစ်ပတ်အတွင်း စစ်ကောင်စီက ကျူးလွန်နေသော လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ငန်းစဉ်ထဲတွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။ ယခုရက်ပိုင်းအတွင်းတွင် ချင်းပြည်နယ်တွင်းရှိသည့် ကျေးရွာများ၊ စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်သည့်အပြင် ယခုကဲ့သို့ စစ်ကိုင်းတိုင်းတွင် စစ်ဘက်မဟုတ်သော အရပ်သားများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တွေ့ရပါသည်။
 
ဧပြီလ(၁၀)ရက်နေ့ နံနက်(၈) နာရီခန့်ကလည်း အကြမ်းဖက်စစ်အုပ်စု ၏ တိုက်လေယာဉ်(၁)စီးသည် မုံရွာကိုဖြတ်၍ အနောက်မြောက်ဘက်သို့ ဆက်လက်ပျံသန်းပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗာရ်းရွာအနီးတဝိုက်ကို ဗုံး(၆)လုံးကျဲချ တိုက်ခိုက်ခဲ့သည်။
 
ထို့နောက် အပြန်တွင် ဗားရ်စခန်းနဲ့ မိုင်(၃၀)ခန့် ဝေးပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်ရှိသော ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်း အနီးနှင့် ဘောလုံးကွင်းအနီးသို့ နံနက်(၁၀)နာရီ(၄၉)မိနစ် အချိန်၌ ဗုံး(၂)လုံးထပ်မံကြဲချခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ကျောင်းဆောင်(၂)လုံးနှင့် ပြည်သူပိုင် လူနေအိမ်(၃)လုံး မီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ (၉)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။