Forum 2000 မှာ မြန်မာ့အရေးဆွေးနွေးပွဲတွင် NUG ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်ဆွေးနွေး
အောက်တိုဘာ – ၁၆
ချက်(ဇ်) သမ္မတနိုင်ငံ၊ ပရာ့ဂ်မြိုတွင် ပြုလုပ်လျက်ရှိသော (၂၇)ကြိမ်မြောက် Forum2000 ညီလာခံတွင် Myanmar Overlooked Struggle ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံရေးရာ သီးသန့်ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေးတင်ပြခဲ့သည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှ နိုင်ငံတကာရာဇဝတ်အဆင့်ထိရောက်ရှိနေသည့်အခြေအနေများအပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများစိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်နေမှု၊ တိုင်းရင်းသားများနှင့် ပူးပေါင်းလက်တွဲ၍ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရေးအတွက် ဆောင်ရွက်မှုနှင့် စိုးမိုးထိန်းချုပ်နယ်မြေများရရှိနေသည်အထိ အောင်မြင်မှုရရှိနေ မှုများကို တင်ပြဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအရေးသည် ပြည်တွင်းရေးသက်သက်သာမဟုတ်ဘဲ ဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်နေသည်သာမက နိုင်ငံတကာဒီမိုကရေစီလမ်းကြောင်းနှင့် တရားမျှတမှုကို စိန်ခေါ်မှုဖြစ်ကြောင်းတင်ပြပြီး စစ်အာဏာရှင်အပေါ် အရေးယူဆောင်ရွက်မှုနှင့် ဒီမိုကရေးအင်အားစုများအပေါ် သံတမန်ရေး ထောက်ခံမှု၊ လူသားချင်းစာနာမှုနှင့် တခြားအားပေးထောက်ခံမှုများကိုလုပ်ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီကို ကာကွယ်ပေးကြရန် တိုက်တွန်းသွားခဲ့သည်၊
ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ယခုဆွေးနွေးပွဲတွင် အခမ်းအနားမှူးအဖြစ် မြန်မာ့အရေး စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် Mr.Igor Blazevic က တာဝန်ယူဆောင်ရွက်ခဲ့သည်။
Related Content


