လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အဖွဲ့ နော်ဝေနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ကိုယ်စားလှယ်ရုံး၏ ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းနှင့် ကိုယ်စားလှယ်ရုံး၏ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ Dr. Kristian Stokke တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၃၁)ရက်နေ့ ၂၀၂၃ တွင် နော်ဝေနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသော အတုအယောင်ရွေးကောက်ပွဲပေါ် အမြင်များကို အချင်းချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စု၏ စစ်ပွဲဆိုင်ရာရာဇဝတ်မှုများ (War Crimes) ၊လူသားမျိုးနွယ်စုအပေါ်အကြမ်းဖက်မှုများ (Crimes Against humanity) စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အပြစ်ပေးအရေးယူနိုင်ရေးကိစ္စများဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအနေဖြင့်အရေးပေါ်လိုအပ်နေသော ရိက္ခာ၊ အကူအညီနှင့် ဆေးဝါးများကို နယ်စပ်ဖြတ်ကျော် ပို့ဆောင် ပေးပါရန်၊NUG အစိုးရအားအသိမှတ်ပြုထောက်ခံ၍ နော်ဝေနိုင်ငံအနေဖြင့် ယခင်နှစ်က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆန္ဒပြုထောက်ခံခဲ့မှုအား ယခုနှစ်တွင်လည်း ဆက်လက်ထောက်ခံမှုပြုပေးပါရန်နှင့်ကာကွယ်မှုပြုပေးပါရန် စသည့် အချက်များ ပါဝင်သည့် အချက်(၆) ချက်ကိုလည်းရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူများနှင့် နော်ဝေပါလိီမန်အမတ်များသည် နိုဝင်ဘာလ (၂၂) ရက် ၂၀၂၂ ခုနှစ်တွင် Zoom Meeting ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခု တကြိမ်တွင် in-person meeting အဖြစ်တွေ့ဆုံဆွေးနွေးမှုပြုခြင်းဖြစ်ကာ ပိုမိုအားကောင်းသော သံတမန်ရေးကိုတည်ဆောက်နေကြောင်းတွေ့ရှိရပါသည်။


Related Content


