အကျဉ်းထောင်များအတွင်း အကြမ်းဖက် နှိပ်စက်မှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
(၂၀) ရက် ၊ ဒီဇင်ဘာ၂၀၂၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသောကြောင့် အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အကျဉ်းထောင်ဝန်ထမ်းများက အကြမ်းဖက်နှိပ်စက်မှုများ ပြုလုပ်နေသည့် သက်သေအထောက်အထားများကို ခိုင်လုံစွာ ရရှိထားပါသည်။
ထို့အပြင် စက်တင်ဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်းကလည်း ထောင်တွင်း အကြမ်းဖက်နှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည့် သက်သေ အထောက်အထားများကို ကျူးလွန်သူများ၏ အချက်အလက်များနှင့်တကွ ဝန်ကြီးဌာနမှရရှိထားပြီး ဖြစ်ပါသည်။
မတရားဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူများအနေဖြင့် အကြမ်းဖက် ရိုက်နှက်ခံရမှုများနှင့် ဆေးကုသမှု မပေးပဲ ရက် (၂၀) မှ (၄၀) အထိ တိုက်ပိတ်ခံရမှုများကို ကြုံတွေ့ကြရပါသည်။ ထို့အပြင် မတရား အလုပ်ကြမ်း စေခိုင်းမှုများကိုလည်း ကြုံတွေ့နေကြရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုလျက် ကျူးလွန်သူများကို အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင်များအတွင်း မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများကိုလည်း မိမိတို့အနေဖြင့် မျက်ခြေမပြတ် အနီးကပ် ဆက်လက်စောင့်ကြည့်နေပါသည်။
ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကိုလည်း သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တရားများထံ စဉ်ဆက်မပြတ် ပေးပို့လျက် နိုင်ငံတကာ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများအနေဖြင့် တရားဥပဒေရှေ့မှောက်တွင် ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်သူများ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသည့် အလေ့အထကို အဆုံးသတ်စေရပါမည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပါအဝင် နိုင်ငံရေးအခွင့်အရေးများကို ကျင့်သုံးမှုများကြောင့် မတရား ဖမ်းဆီးခံထားရသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများချက်ချင်း ရပ်တန့်ရန်နှင့် ၎င်းတို့ကို ချွင်းချက်မရှိ လွှတ်ပေးရန်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red ICRC) အနေဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်နှင့် အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကူညီမှု ပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် တောင်းဆိုသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်စေရေးနှင့် ကျူးလွန်ချိုးဖောက်သူများကို အရေးယူနိုင်စေရေးအတွက် တွန်းအားပေးတောင်းဆိုရန် တောင်းဆိုသည်။ လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများကို အနီးကပ် စောင့်ကြည့်၍ မှတ်တမ်းပြုစုလျက်ရှိပြီး ကျူးလွန်သူများအကို အရေးယူနိုင်မည့် တာဝန်ခံမှု ဖော်ဆောင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
