ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန် အစည်းအဝေးသို့ ဒုတိယဝန်ကြီးခွန်းဗဟန်းထန် တက်ရောက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန် အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်းဗဟန်းထန် မှ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာန လုပ်ငန်းစဉ်များ အကျဉ်းချုပ် ရှင်းလင်းတင်ပြခြင်းကို၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် မှ ဝန်ကြီးဌာန၏ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်တော်လှန်ရေးကာလအတွင်း ဆောင်ရွက်သွားမည့် အနာဂတ်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအပေါ် သတင်းအချက်အလက်ရယူထားမှုနှင့် မှတ်တမ်းထိန်းသိမ်းမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်၍ အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေမှုများစသည်တို့ ပါဝင်သော ဝန်ကြီးဌာန၏ ယခုအချိန်ထိ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။