လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီးဌာန၏တစ်နှစ်တာ လုပ်ငန်ပြီးမြောက်မှုအား ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံတင်ပြချက်

၂၀၂၂ ခုနှစ်၊ ဧပြီ (၁၈) ရက်

လေးစားအပ်ပါသောဥက္ကဌကြီးနှင့်တကွ လွတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး​ ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ကျွန်တော် ခွန်းဗဟန်းထန်တို့နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။  

ကျွန်တော်တို့အနေနဲ့ စတင်ပြီး တာဝန်ပေးအပ်ခြင်းခံရစဉ်ကတည်းက ယနေ့အချိန်အထိ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှနဲ့ ဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ရည်မှန်းချက်ဖြစ်တဲ့ တန်းတူညီမျှ ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု အပြည့်အဝ ခံစားနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အချက်အလက်များကို မှတ်တမ်း တင်ခြင်း၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အရေးယူဆောင်ရွက်နိုင်ရန် ကြိုးပမ်းခြင်း၊​ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မူဝါဒတွေအားလုံး လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိစေခြင်းစတဲ့ လုပ်ငန်းစဉ် လေးရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။

ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ပြည်တွင်း၊ ပြည်ပ အရပ်ဖက်အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်ပံ့ပိုးမှုနဲ့အတူ စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒေသတွင်း မြေပြင်မှာရှိတဲ့သူတွေရဲ့ ဝိုင်းဝန်းကူညီမှု ကြောင့် လူ့အခွင့်အရေး ချိုဖောက်မှုတွေကို စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ်တွေလည်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ဒီ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းထိန်းသိမ်းမှု စနစ်တစ်ခုကိုလည်း စတည်တည်ဆောက် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံတကာအစိုးရ အစိုးရတွေ၊ လွတ်တော်တွေ၊ မြန်မာ့အရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်ပရောက် ပြည်ထောင်စုဖွားတွေနဲ့ လူချင်းတွေ့ပြီး တင်ပြနိုင်မှုတွေ၊ ချိတ်ဆက်လုပ်ဆောင်နိုင်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကြောင့် NUG ကို အသိအမှတ်ပြုဖို့အတွက် လွတ်တော်များ ရဲ့ဆုံးဖြတ်ချက်၊ စစ်ကောင်စီကို လက်နက်နဲ့ စီးပွားရေးပိတ်ဆို့မှုူတွေ ပေါ်ပေါက်လာစေရေး အတွက် တိုက်တွန်းအရေးဆိုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ် ရေး အစိုးရ ကိုယ်စားလှယ်နဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်အုပ်စုကို တရားစွဲဆို အရေးယူနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာပြည်သူတွေအကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပြန့်ပွားနိုင်စေရေးအတွက် လူမှုကွန်ရက်တွေကနေတစ်ဆင့် ကာတွန်း၊ ရုပ်ပုံ၊ ရုပ်သံများ အသုံးပြုပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။  

နောက်ဆုံးတခုအနေနဲ့ကတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ရိုဟင်ဂျာများအပေါ် ရပ်တည်ချက် သဘောထားပေါ်ထွက်လာရေး၊ ပြည်သူ့ခုခံ တွန်းလှန် စစ်ဆင်နွှဲနေတဲ့ စစ်သည်မျာ လိုက်နာရမယ့် ကျင့်ဝတ်များ ပေါ်ထွက်လာ ရေး၊ လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးများနဲ့ ကလေးများအပေါ်မှာ ကာကွယ်ပေးရမယ့် မူဝါဒတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနများနဲ့ ပူးပေါင်းပြီးရေးဆွဲ တင်ပြနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ အထက်ပါ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဆောင်ရွက် နေဆဲဖြစ်ပေမယ့် လိုအပ်ချက်နဲ့ အခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ လုပ်ငန်းအကောင် အထည်ဖော်မှုအပိုင်းမှာ တော်လှန်ရေးအစိုးရ ဝန်ကြီးဌာနတစ်ရပ်အနေနဲ့ ကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်မှုရှိရှိ ဖော်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက် နေကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မူတစ်ရပ်အနေနဲ့ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ ဌာနဆိုင်ရာ CDM ဝန်ထမ်းများအပါအဝင်ဖြစ်တဲ့ ဝန်ကြီးဌာနရဲ့ ရဲဘော်၊ ရဲမေများ၊ နည်းမျိုးစုံနဲ့ ပူးပေါင်း၊ အကြံပြု ဆောင်ရွက်ကြတဲ့ အရပ်ဖက်အဖွဲ့အစည်းများနဲ့ သပိတ်အဖွဲ့အစည်းများ၊ ပူးပေါင်း ဆောင်ရွက်ကြတဲ့ ဝန်ကြီးဌာနများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအပါအဝင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရာမှာ ပြည်သူများရဲ့ လူ့အခွင့်အရေးတွေကို လေးစားသော၊ အကာအကွယ်ပေးနိုင်သော၊ ဖြည့်ဆည်းမြှင့်တင်ပေးနိုင်သော အစိုးရတစ်ရပ် ဖြစ်ပေါ်စေရေး အတွက် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကတိကဝတ်ပြုရင်း ကျွန်တော်တို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ တင်ပြချက်ကို နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။