စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာရှိ ပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ

မေလ ၁၀ရက် ၁၁ရက်နှင့် ၁၂ ရက် ၃ရက်တာကာလအတွင်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာရှိ ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများကို ပြင်းထန်စွာ ခံခဲ့ရသည့်အပြင် ရွာသား (၂၈)ဦးအား နှိပ်စက်ညှင်းပန်း၍ အစုလိုက်အပြုံလိုက်မီးရှို့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။

အဆိုပါမီးရှို့ခံရမှုဖြစ်စဉ်တွင် တန့်ဆည်နဲ့ရေဦးကြားရှိ ရွှေတကျေးရွာတွင် အခြေချထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ (၁၀)ရက်နေ့တွင် စတင် စစ်ကြောင်းထိုးကာ ဆီဆုံရွာ၊အင်းပင်ရွာ၊ မုန်တိုင်ပင်ရွာများရှိ နေအိမ်များကို မီးရှို့ဖျက်စီးခြင်း ၊ ပြည်သူပိုင် ရွှေ၊ငွေနှင့် အဖိုးတန် ပရိဘောဂများအား ယူဆောင်ခြင်း ၊ရွာသူရွာသားများအား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်ပြစ်မှုများကိုကျူးလွန်ကာ အသက် ၂၀-၆၀ ကြားရှိ ရွာသား(၃၀)ဦးခန့် ပျောက်ဆုံးကြောင်း အဆိုပါနယ်ခံတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

ပျောက်ဆုံးသည့် ရွာသားများသည်မုန်တိုင်ပင်ရွာမှဖြစ်ကြောင်း ထပ်မံသိရှိရပြီး ၎င်းတို့၏ အလောင်းများဟု ယူဆနိုင်သည့် အလောင်းပြာများအား တွေ့ရှိရကာ ဦးခေါင်းခွံနှင့် ခြေ၊လက်ရိုးတို့အားခွဲခြားရေတွက်မှုအရ အလောင်း (၂၈)လောင်း ခန့် တွေ့ရှိရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်ဖြန့် ဝင်ရောက်လာချိန်တွင်ရွာသူရွာသားများသည် ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ဝင်ရောက်ပုန်းခိုခဲ့ကြကြောင်းသိရှိရပြီး အကြမ်းဖက်စစ်တပ်သည် သာသနိက အဆောက်အဦးအတွင်းသို့ပင် ဝင်ရောက်၍ ပြည်သူများအား လက်ပြန်ကြိုးတပ်ခြင်း၊ မျက်နှာပုဝါများစီး၍ လူသားဒိုင်းအသွင်ဖမ်းဆီးခေါ်ဆောင်၍ အဆိုပါ ပြည်သူများ၏ နေအိမ်များသို့လမ်းပြခိုင်းကာ ၎င်းတို့ အလိုရှိသော ရွှေ၊ငွေနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်ပြီးနောက် ရက်စက်စွာ သတ်ပစ်ခဲ့ကြောင်း သိရှိရပါသည်။

အမျိုးသမီးများအား မီးရှို့သတ်ဖြတ်ခြင်းမရှိခဲ့သော်လည်း ဖမ်းဆီး၍ လက်ပြန်ကြိုးများတုပ်ကာ ၁၀ရက်နေ့မှ ၁၂ ရက်နေ့အထိ နှစ်ရက်တိတိ အလုံပိတ်အခန်းထဲသို့ ထည့်သွင်းဖမ်းဆီးပြီး အစာရေစာ ငတ်၍ သေစေရန် ရည်ရွယ်အကြမ်းဖက်ခဲ့ကြောင်း သိရှိရပါသည်။

မုန်တိုင်ပင်ရွာသည်အိမ်ခြေ (၄၁၀) ခန့်ရှိသောရွာဖြစ်ပြီး အိမ်အလုံး(၃၀)မီးရှို့ဖျက်စီးခံခဲ့ရာကာ ပြည်သူပိုင်အခြားအဆောက်အဦး‌(၄၄)လုံးအပြင်၊အင်ပင်ရွာအဟောင်းရှိ အိမ်ခြေ(၁၂)လုံးအားလည်း မီးရှို့ဖျက်စီးသွားကြောင်း၊ဆီဆုံရွာရှိ အိမ် (၇)လုံးအားလည်း ထပ်မံဖျက်စီးသွားကြောင်းသိရှိရပါသည်။

အိမ်များအားမီးရှို့ရာတွင် အစီစဉ်တကျပုံစံဖြင့်မဟုတ်ဘဲ ကွက်ကျား ခြား၍ မီးရှို့မှုပုံစံဖြစ်သဖြင့် ကျေးရွာ တစ်ရွာလုံးအား မီးလောင်တိုက် သွင်းပြီး ရွာသားများအား အရှင်လတ်လတ် လက်ပြန်ကြိုးတုပ် မီးရှို့ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့အား ထောက်ခံသည့် ပျူစောထီးများသည် များပြားလှစွာသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့် အထောက်အထားများအား ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါသည်။