ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၉ ကြိမ်မြောက် အစည်းအဝေးမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
၂၀၂၂ခုနှစ်၊ ဧပြီလ (၂) ရက်
မြန်မာနိုင်ငံရှိ ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ လူ့အခွင့် အရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေဖြင့် ကြိုဆို ပါသည်။ ကုလသမဂ္ဂ နှင့်တကွ ပံပိုးကူညီသူများကို ကျေးဇူးတင်ကြောင်းလည်း ထပ်လောင်း ပြောကြားအပ်ပါသည်။
ဆုံးဖြတ်ချက်တွင် တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်များကို အပြင်း ထန်ဆုံးသော စကားရပ်များဖြင့် ရှုံ့ချထားပါသည်။ ထိုဆုံးဖြတ်ချက်တွင် အာဏာသိမ်းစစ်အုပ်စုမှ ကျူးလွန်ခဲ့သည့် တမင်ရည်ရွယ်သတ်ဖြတ်ခြင်းများ၊ ပြန်ပေးဆွဲမှုများနှင့် အဓမ္မဖိအားပေးပျောက်ကွယ်စေခြင်းများ၊ မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း နှင့် အခြားညှဥ်းပန်းခြင်းများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်ခြင်း၊ရိုဟင်ဂျာအပါအဝင် အခြားလူနည်းစုတိုင်းရင်းသား အရပ်သား များအား အတင်းအကျပ်ဖိအားပေး ပြောင်းရွှေ့စေခြင်းများ၊ အဓမ္မအလုပ်ကြမ်းခိုင်းစေခြင်း၊ အိုးအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း၊ ဆေးဘက်ဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမှုထမ်းများအား ဆက်လက်တိုက်ခိုက်နေခြင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ဘက်ရေးရာကိစ္စများအတွက် အသုံးပြုနေခြင်း၊ မြေမြှုပ်မိုင်းများအသုံးပြုခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် ငြိမ်းချမ်းစွာ စုရုံးလှည့်လည် ခွင့်များ အပါအဝင် အခြေခံလွတ်လပ်မှုများအား ပြင်းထန်စွာ ကန့်သတ်ထိန်းချုပ်နေခြင်းများ အစ ရှိသည့် ပြစ်မှုများအားလုံးကို စာရင်းပြုထည့်သွင်းထားပါသည်။
မြန်မာနိုင်ငံမှ ဆုံးဖြတ်ချက်တွင်ပါဝင်သော အောက်ပါအချက်များအားလည်း ကြိုဆိုလိုက်ပါသည်။
- ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ရလဒ် အဖြစ် ပြသခဲ့သည့် ပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒအား လေးစားလိုက်နာ တောင်းဆိုချက် နှင့် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီနှင့် အရပ်သားအစိုးရအပေါ် စိတ်အား ထက်သန် ခြင်းများနှင့် အတူတကွ အပြည့်အဝရပ်တည်ကြောင်းပြောကြားခြင်း။
- မတရားဖမ်းဆီးခံထားရသူများအားလုံးကိုလွှတ်ပေးရန်၊ အကြမ်းဖက်မှုနှင့်နှိပ်စက်ညှဥ်းပန်း မှုများအား ကျူးလွန်ခဲ့သူများအားလုံးကို အရေးယူရန်၊ တရားမျှတမှုအား ဆောင်ကျဉ်း ပေးရန်၊ အသက်ရှင်ကျန်ရစ်သူများနှင့် ကျူးလွန်ခံရသူများအား ကျေလည်အောင် ပေးဆပ် ရန် တို့ကို တောင်းဆိုခြင်း။
- မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အား သက်တမ်းတိုးမြှင့်လိုက်ခြင်း။
သို့သော် ဆုံးဖြတ်ချက်များတွင် ကောင်စီ၏ တရားမဝင်အာဏာသိမ်းစစ်အုပ်စု အပေါ် တုန့်ပြန် ချက်များအား ပိုမိုထိရောက်စေဖို့အတွက် ဆောင်ရွက်ရန် လက်လွတ်သွားခဲ့ရသည့် အခွင့်အလမ်း များစွာ အားလည်း ကိုယ်စားပြုဖော်ပြနေသည်။ အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူများ အပေါ် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းနှင့် အမြှောက်များဖြင့် တိုက်ခိုက်ခြင်းများအပေါ် ရှုံ့ချ ရာတွင် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ထောက်ပံ့နေသောနိုင်ငံများ မှ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ အာဏာသိမ်းအုပ်စုနှင့် ၄င်းတို့ ကိုယ်စားလှယ်များ အတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ရောင်းချနေမှုများကို ရပ်တန့်ရန်အတွက် အတိုချုပ်၍ သာ ထည့်သွင်းပြောကြားထားကြောင်း တွေ့ရပါသည်။ ဤအချက်သည် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးကိုယ်စားလှယ်၏ တင်ပြဆွေးနွေးမှုစာတမ်းတွင်ပါရှိသော “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များမှ မြန်မာစစ်တပ်သို့ လက်နက်များတင်ပို့မှုဆိုင်ရာ”[1] အရေးပါသည့် တွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်ရန်အတွက် သိသာသောပျက်ကွက်မှုတစ်ခုပင်ဖြစ်သည်။
အရေးယူနိုင်ရန်အတွက် တွန်းအားပေးမှုမှာလည်း မျှော်လင့်ထားသည်ထက် အားနည်းနေ သည် ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများပေါ် ဆက်လက်စောင့်ကြည့် အစီရင်ခံတင်ပြရန်မုချလိုအပ်သည်မှာမှန်သော်လည်း လုံလောက်သော သက်သေအထောက်အထား များ ရှိနေပြီး ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်မှ ယခုအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုန်းသတ်ဖြတ်မှု၊ ရိုဟင်ဂျာအပါအဝင် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်[2] ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေးအပြစ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ကောက်ယူရရှိသော အချက်အလက် များ အရ အာဏာသိမ်းစစ်အုပ်စုမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှာ စနစ်တကျ ကျယ်ကျယ် ပြန့်ပြန့်ကျူးလွန်ခဲ့သည့် သဘောသဘာဝရှိကြောင်း[3] ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တယား (IIMM) ၏ ခေါင်းဆောင်မှ ပြောကြား ဖော်ပြခဲ့ပါသည်။ ဖော်ထုတ်တွေ့ရှိချက် သက်သေအထောက်အထားများမှာ အပုံအပင်ဖြစ်ပြီး ၊ ယခု လိုအပ် နေသည်မှာ တရားမျှတမှုကို ဆောင်ကျဉ်းရေးဖြစ်ပါသည်။ IIMM ၏ အားသွန်ခွန်စိုက် အားထုတ်မှု များသည် တရားဆွဲဆိုမှုများအတွက်ဦးတည်ရမည်ဖြစ်ပြီးသင့်လျော်သော တရားစီရင် ပိုင်ခွင့်အား
မဖော်ထုတ်နိုင်ပါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ထံသို့ ရည်ညွှန်းပေးနိုင်မှု ကို ဖန်တီးပေးရမည်။
ဆုံးဖြတ်ချက်သည် ယခင်သဘောတူထားပြီးဖြစ်သော အချက်များပေါ်တွင်သာ များစွာအခြေပြု နေပြီး၊ တောင်းဆိုချက်အများစုမှာ မြန်မာနိုင်ငံအတွက်ဖြည့်ဆည်းပြီးဖြစ် သို့မဟုတ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မအောင်မြင်သော အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစသော အခြေအနေ အတွက် လက်တွေ့မကျ ကိုက်ညီသင့်လျော်မှုမရှိတော့သည်ကိုတွေ့ရပါသည်။ ဥပမာအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံကို ကိုယ်စားပြုလျက် ကြေညာချက် ပုဒ်မ ၁၂ (၃) အရ ICC ၏ မှတ်ပုံတင်အရာရှိထံ ၂၀၂၁ခုနှစ် ဇူလိုင်လတွင် တင်ပြထားပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် နိုင်ငံတကာပြစ်မှုများနှင့် ပက်သက်၍ တရားရုံး ၏ စီရင်ပိုင်ခွင့်များအား လက်ခံထားပြီးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒများကို ထောက်ခံဖော်ပြသော ကောင်စီနှင့်အတူ တသားတည်းဖြစ်သည့်အညီ ကောင်စီ၏ဆုံးဖြတ်ချက်များ၏ တောင်းဆိုချက် အများစုသည် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရထံသို့ ဦးတည်ထားသည်ဟု အဓိပ္ပါယ်မှတ်ယူပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် အောက်ပါတို့ကို ဆောက်ရွက်သွားပါမည်။
- အတိတ်ကာလတွင် အသုံးပြုခဲ့သော အခြေခံလွတ်လပ်ခွင့်များအား ကန့်သတ်ထိန်းချုပ်ရန် နှင့် မတူကွဲပြားမှုများအား ပစ်မှတ်ထားသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲခြင်းနှင့် ရုပ်သိမ်း ခြင်းများ ပြုလုပ်သွားမည်။ ထိုသို့ပြင်ဆင်ရေးဆွဲရုပ်သိမ်းခြင်းများတွင် ရာဇသတ်ကြီး ပြစ်မှုဆိုင်ရာ ပြဌာန်းချက်များအပါအဝင် မတရားအသင်းအက်ဥပဒေ၊ နိုင်ငံတော် လှို့ဝှက်ချက်ဥပဒေနှင့် ဆက်သွယ်ရေးဥပဒေများကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများ နှင့်အညီ ပြုပြင်ရေးဆွဲသွားမည်ဖြစ်သည်။
- ဥပဒပြုရေးနှင့် မူဘောင်အဆင့်များအားလုံးတွင် ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသား လူနည်းစုများအတွက် တန်းတူဆက်ဆံမှုနှင့် အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန် ထည့်သွင်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် ၂၀၁၅ ခုနှစ်က ပြဌာါန်းခဲ့သော အမျိုးဘာသာ သာသနာကာကွယ်ရေးဥပဒေကို ရုပ်သိမ်းသွားမည်ဖြစ်သည်။
- စစ်တပ်၏ ရက်စက်ယုတ်မာမှုများနှင့် အတင်းအဓမ္မဖိအားပေးစေခိုင်းမှုများကြောင့် ရခိုင် ပြည်နယ်မှ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရိုဟင်ဂျာများ အတွက် မိမိဆန္ဒအလျှောက် ဘေးကင်းလုံခြုံစွာနှင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အဆင့်များအားလုံးကို ဆက်လက်အကောင်အထည်ဖော်သွားမည်။ ထို့အပြင် မြန်မာနိုင်ငံတွင် မွေးဖွားသည့်သူသည် မြန်မာနိုင်ငံသားဖြစ်ခွင့် သို့မဟုတ် မြန်မာနိုင်ငံသား မိဘများမှ မည်သည့်နေရာတွင်မဆို မွေးဖွားသူများအတွက် နိုင်ငံသား ဖြစ်ခွင့်များကို အခြေခံသည့် ဥပဒေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအား အစားထိုး ပြင်ဆင်သွားမည်ဖြစ်သည်။
- လက်နက်ကိုင်ပဋိပက္ခ စစ်ပွဲများအတွက် ကလေးသူငယ်များအား တပ်သားသစ်အဖြစ် ခန့်ထားခြင်းနှင့် အတင်းအဓမ္မအလုပ်ကြမ်းလုပ်ကိုင်စေခြင်းများကို တားဆီးရန် နှင့် ပပျောက်စေခြင်း အကာင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆက်လက်လုပ်ဆောင် သွားမည်။
- နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ရောမသဘောတူညီမှုစာချုပ်ပါ ကြေညာချက် ပုဒ်မ ၁၂ (၃)ကို သဘောတူလက်ခံသွားပါမည်။
- မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တကွ အခြား အထူးအခွင့်အာဏာပေးအပ်ခြင်းခံထားသူများနှင့်လည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက် သွားပါမည်။
- လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံအတွင်း ကိုယ်စားပြုမှု တစ်ခုထား ရှိရန် လုပ်ဆောင်နေမှုကို ထောက်ခံသွားမည်။
- IIMM နှင့်တကွ နိုင်ငံတကာနှင့် ဒေသတွင်းတရားရုံးများ၊ ခုံရုံးများ၊ လူ့အခွင့်အရေး ဆိုင်ရာဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် အတူဆက်လက်ပူးပေါင်း ဆောင်ရွက် သွားပါမည်။
- အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားပြီး ၄င်း၏လုပ်ပိုင်ခွင့်များနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပံ့ပိုးပေးသွား မည်။
မြန်မာနိုင်ငံသည် ပြည်တွင်းရှိ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် အခြားသော ကုလသမဂ္ဂ အေဂျင်စီများ၏ အထောက်အပံ့များနှင့် လုပ်ငန်းအစီအစဉ်များတွင်၊ အထူးသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းများနှင့် အထောက်အကူပြုခြင်းများအတွက် အတူတကွဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်။ သို့သော်လည်း Rosenthal အစီရင်ခံစာတွင် ဖော်ပြထားသည့် “အကြံပြုချက်များအပေါ် နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေး တိုးတက်မှုဆိုင်ရာ”[1] အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိတ်ပျက်မိပါသည်။
ဆုံးဖြတ်ချက်တွင်ပါဝင်သော ‘အနာဂတ်တွင် ပိုမိုထိရောက်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင် စေရေးအတွက် အထွေထွေအတွင်းရေးမှုးချုပ်ထံမှ သင့်လျော်သော ထောက်ခံအကြံပြုချက်များ “ ဖိတ်ခေါ်ခြင်း” ‘၊ ကုလသမဂ္ဂ စနစ်၏ “တားဆီးကာကွယ်ရေးစွမ်းရည်များ ကို ပိုမိုအားကောင်း အောင် ဆောင်ရွက်ရန်” ဟူသည့်အချက်များမှာ ရေရာမှုမရှိ၊ လုံလောက်မှု မရှိပါ။
ထို့ကြောင့် Rosenthal အစီရင်ခံစာအရ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအား အကောင်အထည်ဖော်မှုတွင် ကုလသမဂ္ဂ ၏ တိုးတက်ပြီးစီးမှုကို နိုင်ငံတကာပညာရှင်များ ဦးဆောင် သည့် လွတ်လပ်၍ကျယ်ပြန့်သောစုံစမ်းမှုတစ်ခု လုပ်ဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် ထပ်လောင်း တောင်းဆိုအပ်ပါသည်။ အဆိုပါ စုံစမ်းမှုသည် တွေ့ရှိချက်များနှင့် အကြံပြုချက်များ ပါဝင်သော ပြီးပြည့်စုံသည့် အများပြည်သူသိရှိနိုင်မည့် အစီရင်ခံစာတစ်ခုကို လူ့အခွင့်အရေးကောင်စီထံသို့ ထုတ်ပြန် ပေးပို့သင့်ပါသည်။
Ministry of Human Rights
