မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီ၏ ကြေငြာချက်အပေါ် တုံ့ပြန်သဘောထားကြေငြာချက်


Republic of the Union of Myanmar
National Unity Government
Ministry of Human Rights


မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီ၏
ကြေငြာချက်အပေါ် တုံ့ပြန်သဘောထားကြေငြာချက်
၃ဝ ဇွန်၂ဝ၂၂

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးကော်မတီက ထုတ်ပြန်သည့် ကြေငြာချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ်များကို အကာအကွယ်ပေးနိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အလျင်အမြန်အရေးယူဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

ကော်မတီ၏ ဤထုတ်ပြန်ချက်သည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိကနေ၍ အားကောင်းသည့်အစီရင်ခံစာတစောင်ကို ထုတ်ပြန်အပြီး လျင်မြန်စွာ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရင်း “ကလေးငယ်များအပေါ် မညာမတာတိုက်ခိုက်မှုများသည် စစ်အာဏာရှင်တို့၏အလွန်ဆိုးညစ်သော ယုတ်မာမှုနှင့် မြန်မာပြည်သူတို့အား ၎င်းတို့၏လက်အောက်သို့ သွပ်သွင်းနိုင်ရန်အတွက် အပြစ်မဲ့ပြည်သူတို့အား ကြီးမားလှသော ဆင်းရဲဒုက္ခနှင့်ခက်ခဲပင်ပန်းမှုတို့ခံစားရအောင် ကျူးလွန်ရန် ဆန္ဒရှိနေမှုတို့အား ထင်ရှားပေါ်လွင်စေသည်။ ဟုမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဆိုသည်။

ကလေးများအပေါ် ရက်စက်ယုတ်မာစွာ ကျူးလွန်မှုများထည်းတွင် ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊လက်သည်းနှင့် သွားများကို ဆွဲနှုတ်ခြင်း၊ ဓားဖြင့်ထိုးခြင်းနှင့် မီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊သေဒဏ်စီရင်မည်ဟု ကြေညာခြင်း၊ အစာနှင့် ရေ ဖြတ်တောက်ခြင်းနှင့် ဆေးကုသခွင့် မပေးခြင်းတို့ပါဝင်ပါသည်။

မြန်မာနိုင်ငံ၏ ဒဏ်ခတ်ခံနေရသော မျိုးဆက်များကို ကယ်တင်ရန် အချိန်နှောင်းနေပြီ’ ဖြစ်ကြောင်းကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီက အခိုင်အမာ ပြောကြားထားပါသည်။ မြန်မာနိုင်ငံရှိကလေးသူငယ်များ၏ ရပိုင်ခွင့်များကို လေးစားကာကွယ်ရမည်ဖြစ်ပြီး ကလေးများအပေါ် ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်သူများအား ၎င်းတို့၏အပြစ်များအတွက်တာဝန်ခံစေအောင်လုပ်ဆောင်ကြရမည် ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ်အပါအဝင် နိုင်ငံတကာဥပဒေပါ တာဝန်ဝတ္တရားများနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန်ကတိပြုအပ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှုကိုပြည့်ပြည့်ဝဝ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသောအကြပ်အတည်းများအတွက် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို အလျင်အမြန် ပြန်လည်အကဲဖြတ်ရန်နှင့် ပြန်လည်ပုံစံချလုပ်ဆောင်ရန်၊ ကလေးသူငယ်အခွင့်အရေးများကို အခြားကိစ္စများထက် ဦးစားပေးဆောင်ရွက်ရန် နှင့် ၎င်းတို့ခံစားနေရသည့် ဒုက္ခများ ပြေပျောက်စေရန်အတွက် ခိုင်မာသည့် နည်းလမ်းများ လုပ်ဆောင်ပေးရန်စသည်ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုထားသည့် ကော်မတီ၏ တောင်းဆိုချက်ကို မိမိတို့က ထပ်လောင်းတောင်းဆိုအပ်ပါသည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။