အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့၏ ပူးတွဲကြေငြာချက်အမှတ် ၂/၂၀၂၁
၁။ အရပ်သားအစိုးရထံမှ မတရား အာဏာသိမ်းယူထားသော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ အာဏာ သိမ်းသည့်နေ့မှစ၍ အပြစ်မဲ့ပြည်သူများအား တရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်ခြင်းတို့ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။ ထို့ပြင် အပြစ်မဲ့ ကလေးသူငယ်များကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းနှင့် မတရားဖမ်းဆီး နှိပ်စက်ခြင်းကဲ့သို့သော ဆိုးရွားလှသည့် ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများကိုလည်း ယနေ့အချိန် အထိ ကျူးလွန်လျက်ရှိသည်။
၂။ ကလေးသူငယ်အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ကာကွယ်မှုခံစားပိုင်ခွင့်များကို အချိန်တိုင်း နေရာတိုင်းတွင် ကလေးများအားလုံး ရရှိခံစားနိုင်ရန်အတွက် လူတိုင်းတွင်တာဝန်ရှိပါသည်။ သို့သော် အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ (၁၅)ရက်နေ့ မှ စတင် ၍ အသက် (၁၈) နှစ်အောက် ကလေးသူငယ်ပေါင်း အနည်းဆုံး (၇) ဦးကို မတရားဖမ်းဆီးခဲ့သည်။ တချို့ကလေးသူငယ်များသည် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် နှိပ်စက်မှုများကြောင့် သေဆုံးခဲ့ကြရသည်။ သေဆုံးခဲ့ သည့်ကလေးသူငယ်များထဲတွင် အသက်အငယ်ဆုံးဖြစ်သည့် မန္တလေးမြို့မှ အသက် (၇) နှစ်အရွယ်ရှိ မခင်မျိုးချစ်သည် မိမိနေအိမ်တွင် ဖခင်၏ ရင်ခွင်ထဲရှိနေစဉ်မှာပင် သေနတ်ဖြင့် ချိန်ရွယ် သတ်ဖြတ်ခံရသည်။ ထို့ပြင် မိုးကုတ်မြို့မှ အသက်(၅) နှစ်အရွယ်ရှိ မစုထက်ဝိုင်းသည် သူမ၏အဖေကို ဖမ်းဆီးမရသဖြင့်ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရသည့် အငယ်ဆုံးကလေးဖြစ်ခဲ့သည်။ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ဆိုးဝါးလှသည့် ထောင်တွင်းအတွေ့အကြုံများကို ရင်ဆိုင်ဖြတ်သန်းခဲ့ရရှာသည်။
၃။ မိဘများကို မဖမ်းဆီးနိုင်သည့်အတွက် အပြစ်မဲ့ရင်သွေးငယ်ကလေးများကို ဓားစာခံဖမ်းဆီးခြင်းနှင့် မိဘနှင့်အတူ ဖမ်းဆီးခံရခြင်းများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဇွန်လ (၁၀) ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါက်တာ ထားထားလင်းနှင့်အတူ သားဖြစ်သူ အသက် (၇) နှစ်အရွယ်ရှိ မောင်အောင်သုခမိန်လင်းကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။ ယခုအချိန်အထိ ယနေ့အထိ မည့်သည့်နေရာတွင် မည်သည့်အခြေအနေမျိုးဖြင့် ဖမ်းဆီးထားသည်ကို မသိရှိရသဖြင့် ကလေးငယ်၏ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေးအတွက် မိမိတို့အထူး စိုးရိမ်ပူပန်မိပါသည်။
၄။ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးစာချုပ်ကို ဇူလိုင်လ ၁၉၉၁ တွင် အတည်ပြုလက်မှတ်ထားသည့် စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ စာချုပ်ပါ ကလေးအခွင့်အရေးများကို လေးစား၊ ကာကွယ်၊ ဖြည့်ဆည်းပေးရန် တာဝန်ရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ကာကွယ်ပေးရန် ပျက်ကွက်ယုံသာမက ကလေးသူငယ်များအပေါ် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။
၅။ ကလေးသူငယ်များကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းသည် ကလေးသူငယ်အခွင့်အရေးဥပဒေ (၂၀၁၉) ပါ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သည်။ ထိုဥပဒေတွင် အသက် (၁၀) နှစ်အောက်ကလေးများ ကျူးလွန်သည့်ပြစ်မှုများသည် ရာဇဝတ်မှုမမြောက်ဟုဆိုသည်။ ပိုမိုဆိုးဝါးသည့်အချက်မှာ ယခု ဖမ်းဆီးခံနေရသည့်ကလေးငယ်များသည် ရာဇဝတ်မှုဆိုင်ရာပြစ်မှုများကို လုံးဝကျူးလွန်ခြင်းမရှိသောအပြစ်မဲ့ ကလေးသူငယ်များ ဖြစ်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နှစ်ထပ်ကွမ်း အခွင့်အရေးချိုးဖောက်ခံနေရခြင်းဟုဆိုနိုင်သည်။
၆။ အပြစ်မရှိသောကလေးများကို ချုပ်နှောင်ထားခြင်းသာမက ထိုကလေးများကို ချုပ်နှောင်စဉ်ကာလ အတွင်း ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်နာကျင်အောင် ဆက်ဆံခြင်းများရှိကြောင်း၊ အချို့ကလေးငယ်များကို အခြာ းချုပ်နှောင်ခံရသူများနည်းတူ အချုပ်ထဲတွင် ပုံစံထိုင်ခိုင်းခြင်းများ လုပ်ဆောင်ခိုင်းကြောင်း သိရှိရသည်။ ထိုသို့လုပ်ဆောင်မှု များသည် ကလေးသူငယ်များအပေါ်အကြမ်းဖက်ခြင်းမြောက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးဥပဒေသာမက နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးစာချုပ်ကို ချိုးဖောက် ခြင်းဖြစ်သည်။
၇။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့်
- ကလေးသူငယ်များအား မတရားဖမ်းဆီးခြင်းနှင့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန်
- ဖမ်းဆီးခံကလေးသူငယ်များကို အမြန်ဆုံ းပြန်လွှတ်ပေးရန်၊
- ပြန်လည်လွတ်မြောက်လာသောကလေးသူငယ်များအတွက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည် ကုစား ပေးရေးအစီအစဥများ ပံ့ပိုးပေးရန်တို့ကို လုပ်ဆောင်ပေးရမည်။
ထို့ပြင် ကလေးသူငယ်များအပေါ် မတရားဖမ်းဆီးသူများနှင့် စေခိုင်းသူများကို ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်။
