အကြိမ် ၅၀ မြောက် အစည်းအဝေး ၊ အမှတ်စဉ် ၄ - မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ နောက်ဆုံးရအခြေအနေကို နှုတ်ဖြင့်အစီရင်ခံစာ


Republic of the Union of Myanmar
National Unity Government
Ministry of Human Rights

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အကြိမ် ၅၀ မြောက် အစည်းအဝေး
အမှတ်စဉ်
4
မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏
နောက်ဆုံးရအခြေအနေကို နှုတ်ဖြင့်အစီရင်ခံစာ

၃၀ ဇွန် ၂ဝ၂၂

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ Myanmar လူ့အခွင့်အရေးဆိုင်ရာနောက်ဆုံးရအခြေအနေများအား နှုတ်ဖြင့်တင်ပြမှုနှင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏မြန်မာနိုင်ငံရှိကလေးသူငယ်များအပေါ် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေမှုအကြောင်း ညီလာခံစာတမ်းတင်သွင်းခဲ့မှုတို့အပေါ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ကြိုဆိုလိုက်ပါသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိနှင့် ၎င်း၏လုပ်ပိုင်ခွင့်များကိုအပြည့်အဝထောက်ခံအားပေးနေပြီး ၎င်း၏ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ကို ဆက်လက်ခွင့်ပြုထားဆဲဖြစ်ပါသည်။

လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်အစီရင်ခံထဲတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို အမြန်ဆုံး ပြန်လည်သုံးသပ်ရန်နှင့် ပြန်လည်ချိန်ဆရန် မေတ္တာရပ်ခံထားပါသည်။ ထို့ပြင်ပြင်းထန်ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းကို ပြုလုပ်ရန် ပျက်ကွက်နေပါက မရေတွက်နိုင်သောလူအများအပြားကို သေဒဏ်ပေးရာ ရောက်နေလိမ့်မည်ဟု သတိပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ ညီလာခံစာတမ်းထဲတွင်လည်းအကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊ လက်သည်းနှင့် သွားများကို ဆွဲနှုတ်ခြင်း၊ ဓားဖြင့်ထိုးခြင်းနှင့် မီးရှို့ခြင်း၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ သေဒဏ်စီရင်မည်ဟု ကြေညာခြင်း၊ အစာနှင့် ရေ ဖြတ်တောက်ခြင်းနှင့်ဆေးကုသခွင့် မပေးခြင်းတို့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်ကလေးသူငယ်များအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအဖြစ် စာတမ်းထည်းတွင် အစီအစဉ်တကျ ပြုစုဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့အထိ အနည်းဆုံး ကလေးသူငယ် (၃၈၂) ဦးကို စစ်ကောင်စီက သတ်ဖြတ်သို့မဟုတ် ဒဏ်ရာရရှိစေခဲ့သည်။

“ကလေးငယ်များအပေါ် မညှာမတာတိုက်ခိုက်မှုများသည် စစ်အာဏာရှင်တို့၏ အလွန်ဆိုးညစ်သောယုတ်မာမှုနှင့် မြန်မာပြည်သူတို့အား ၎င်းတို့၏ လက်အောက်သို့ သွပ်သွင်းနိုင်ရန်အတွက်အပြစ်မဲ့ပြည်သူတို့အား ကြီးမားလှသော ဆင်းရဲဒုက္ခနှင့် ခက်ခဲပင်ပန်းမှုတို့ခံစားရအောင် ကျူးလွန်ရန် ဆန္ဒရှိနေမှုတို့အား ထင်ရှားပေါ်လွင်စေသည်။ ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဆိုသည်။

မအောင်မြင်သော အာဏာသိမ်းမှု၏ တဟုန်ထိုး ရိုက်ခတ်မှုကလည်း ကလေးများ၏ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီးပွားရေး ခိုင်မာမှုတို့ကို ထိခိုက်စေခဲ့ပါသည်။ တချိန်တည်းမှာပင်အရပ်သားများအား အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသောအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းစေခြင်းကြောင့် အရပ်သားများသည် (အထူးသဖြင့် မိန်းကလေးငယ်များ)လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းတို့ကို ထိခိုက်ခံစားရနိုင်ခြေ များစေပါသည်။

လက်တွေ့ကျသည့် ကုစားဆောင်ရွက်မှု မရှိလျှင် မြန်မာနိုင်ငံမှ ကလေးသူငယ်များသည်ပျောက်ဆုံးသွားမည့် မျိုးဆက် ဖြစ်သွားလိမ့်မည် ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက သတိပေးထားသည်။

ယူကရိန်းအကြပ်အတည်းတွင် တုံ့ပြန်သကဲ့သို့ တူညီသည့် အရေးတကြီးလုပ်ဆောင်မှုဖြင့် မြန်မာ့နိုင်ငံ၏အကြပ်အတည်းကို တုံ့ပြန်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါသည်။ ထို့ပြင် အောက်ပါလုပ်ဆောင်ချက်များပါဝင်သည့် အစီအစဉ်တရပ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် အတွက်အောက်ပါလုပ်ဆောင်မှုများ ပါဝင်သည့်ရှင်းလင်းပြတ်သားသော အစီအစဉ်တခုကို မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေး ရေးအရာရှိက တင်ပြသွားခဲ့ပါသည်။

  • မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်၂၁၂၂ ကို အပြည့်အဝ ရန်ပုံငွေပံ့ပိုးပေးခြင်းအပါအဝင် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီနှင့် တိကျပြတ်သားသည့်ဒေသဆိုင်ရာ အထောက်အပံ့များကို သိသိသာသာ တိုးမြှင့်ခြင်း၊
  • ပိုမိုပြင်းထန်ပြီး ခိုင်မာသော၊ တညီတညွတ်ထည်းပြစ်မှတ်ထားသော စီးပွားရေး ပိတ်ဆို့အ ရေးယူခြင်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရေးကို ထည့်သွင်း စဉ်းစားခြင်း၊ အချေအတင်ဆွေးနွေးခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို လွှဲပြောင်းခြင်းများပါဝင်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာအောင် လုပ်ဆောင်ကြရန်၊

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက သူ၏မြန်မာ့နောက်ဆုံးရအခြေအနေ နှုတ်ဖြင့်အစီရင်ခံခြင်း အမှတ်စဉ် (၂)တွင် ပြောကြားခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရန် ဆိုသည့်တိုက်တွန်းပြောကြားချက်ကို ထပ်လောင်းပြောဆိုပေးသည့်အပေါ်ကြိုဆိုအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေဖြင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ်များအပါအဝင်နိုင်ငံတကာဥပဒေများအရ တာဝန်ရှိသည့်အတိုင်း ကလေးသူငယ်များ၏ အခွင့်အရေးများကိုမြှင့်တင်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အောက်ပါအကြံပြုချက်များကို မိမိတို့လက်ခံပါသည်။

  • လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေများနှင့် အရပ်သားများအပေါ် ဆက်ဆံမှုဆိုင်ရာ လမ်းညွှန်ချက်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းမျဉ်း ကျင့်ဝတ်ကို ပိုမိုမြှင့်တင်လုပ်ဆောင်သွားရန်၊
  • ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights ICCPR) နှင့် နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေးသဘောစာချုပ် (The  United Nations Convention against Torture -CAT) နှင့် ကုလသမဂ္ဂ၏ လူမျိုးရေးနှင့် အသားအရောင် ခွဲခြားဆက်ဆံမှုမရှိရေး သဘောတူစာချုပ် (The International Convention on the Elimination of All Forms of Racial Discrimination ICERD) လက်မှတ်ရေးထိုးရန်၊
  • ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဥပဒေနှင့်စပ်လျဉ်းသည့် မည်သည့်ပြင်ဆင်မှုမျိုးမဆိုနိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံမဲ့မဖြစ်စေရန် အာမခံခြင်းအပါအဝင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် အပြည့်အဝလိုက်လျောညီထွေဖြစ်အောင်သေချာစေရန်၊

နိဂုံးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် အခြေခံ လွတ်လပ်ခွင့်များ အတွက်မနေမနား ကြိုးပမ်းလုပ်ဆောင်ပေးမှုများအတွက် လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိအားမြန်မာနိုင်ငံက ကျေးဇူးတင်လျက်ရှိပါကြောင်း ပြောကြားအပ်ပါသည်။