ကလေးသူငယ်များအပါအဝင် အရပ်သားများအပေါ် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ကြရန် တိုက်တွန်းချက်

ကလေးသူငယ်များအပါအဝင် အရပ်သားများအပေါ် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ကြရန် တိုက်တွန်းချက်

၁။      ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မတရား အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်တုံ့ပြန်သည့်အနေဖြင့် အာဏာရှင်စနစ်ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကို မြန်မာပြည်သူတစ်ရပ်လုံး ဆင်နွှဲခဲ့သည်မှာ ရှစ်လခန့်ရှိပြီဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူ့ခုခံစစ်ကို ဆင်နွှဲရန်အတွက် အရေးပေါ်အခြေအနေကို စတင်ကြေညာခဲ့ပြီးဖြစ်သည်။

၂။      စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဥ်ရက်ဆက်ကျူးလွန်လျက်ရှိသလို ထိုကျူးလွန်မှုများကို နေရာအနှံ့အပြားတွင် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့်အထောက်အထားများကြောင့် နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်နေသည့်အဆင့်ကိုရောက်ရှိနေပြီ ဖြစ်သည်။ အကြမ်းဖက်ခံနေရသော ပြည်သူများအနေဖြင့်လည်း ထိုသို့ရက်စက်ကြမ်းကြုတ်မှုများကို နည်းလမ်းအမျိုးမျိုးဖြင့် တွန်းလှန်နေလျက်ရှိသည်။

၃။      ထို့သို့ နည်းလမ်းအမျိုးမျိုးဖြင့် တွန်းလှန်ရာတွင် အပြစ်မဲ့ပြည်သူထုအပေါ် ထိခိုက်မှုများမရှိစေရန်နှင့် လူ့အခွင့်အရေးကို လေးစားကာကွယ်မှုများရှိလာစေရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် လိုက်နာကျင့်သုံးအပ်သည့် စစ်သည်တော်ကျင့်ဝတ်များ၊ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ တင်းကြပ်စွာ လိုက်နာကြရန်အတွက်လည်း ထပ်လောင်း အသိပေးလိုပါသည်။

၄။      အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် မသန် စွမ်းများအပါအဝင် အထူးကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည့်သူများအား အကြမ်းဖက်ခြင်းသည် မည်သည့်အခြေအနေမျိုးတွင်မှ လုပ်ဆောင်သင့်သော အရာမဟုတ်ပါ။ အထူးသဖြင့် ပဋိပက္ခကာလအတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များကို အထူးကာကွယ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာပြဌာန်းချက်များတွင် အတိအလင်း ဖော်ပြထားလျက်ရှိသည်။ စစ်ကောင်စီ၏ အမျိုးသမီး၊ ကလေးသူငယ်များအပေါ်ကျူးလွန်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်မှတ်တမ်းတင်ပြီး အပြစ်ရှိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၅။      ထို့ကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ သာမန်အရပ်သားများဖြစ်သည့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအပါအဝင် အထူးကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည့်သူများအား မထိခိုက်အောင် ကာကွယ်ပေးရမည်ဖြစ်သည်။ မည်သည့်တပ်ဖွဲ့၊ အုပ်စုကမှ မကျူးလွန်ရန်လည်း တာဝန်ရှိသည်။

၆။      မြန်မာနိုင်ငံအရပ်ရပ်တွင် မိမိနည်း မိမိဟန်ဖြင့် အကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးအနေဖြင့်လည်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်မိခြင်းမရှိစေရေးအတွက် အထူးဂရုပြုကြပါရန် တိုက်တွန်းအပ်သည်။

 

Ministry of Human Rights

National Unity Government

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။