What is the independent investigative mechanism for Myanmar?
(International Investigative Mechanism of Myanmar) ဆိုတာ မြန်မာစစ်အစိုးရကနေပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းမှတ်တမ်းတင်ဖို့၊ တာဝန်ရှိမှုတွေကို သုံးသပ်တင်ပြပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ ယန္တယား သို့မဟုတ် လုပ်ငန်းစဥ်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဥက္ကဌကတော့ နိုင်ငံတကာ ရာဇဝတ်မှုတရားမျှတရေးရှေ့နေ အမေရိကန်လူမျိုး Nicholas Koumjian ကို ခန့်အပ်ခဲ့ပါတယ်။ မစ္စတာ ခွန်ဂျန်ဟာ အနှစ်(၂၀)အတွင်းမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (၇)ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လိုက်ဘေးရီးယားနိုင်ငံသမ္မတဖြစ်သူ ချားစ်တေလာနဲ့ ခမာနီ (Khmer Rouge) ထိပ်သီးခေါင်းဆောင်တွေ ဖြစ်ကြတဲ့ Nuon Chea နဲ့ Khieu Samphan တို့ရဲ့အမှုတွဲတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
IIMM က ICC လို တရားရုံးလား
IIMM က တရားရုံးမဟုတ်ပါဘူး။ ဖမ်းဆီးခွင့်၊ စစ်ဆေးခွင့်မရှိပါဘူး။ ဒါပေမဲ့သူတို့ရဲ့ လုပ်ပိုင်ခွင့်အတိုင်း စုဆောင်းပြီး သုံးသပ်ထားတဲ့ မြန်မာနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အချက်အလက်အထောက်အထားတွေကို နိုင်ငံတော်အဆင့် ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်တရားရုံးတွေမှာ တရားစွဲဆိုတဲ့အခါမှ သက်သေအထောက်အထားအဖြစ်အသုံးပြုနိုင်ဖို့ ရည်ရွယ်တဲ့ လုပ်ငန်းစဥ်ယန္တယားဖြစ်ပါတယ်။ ရရှိတဲ့အချက်အလက်အထောက်အထားတွေကို လုံခြုံစိတ်ချစွာ ထိမ်းသိမ်းထားပေးပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို လေးစားကျင့်သုံးတဲ့တရားရုံးတွေကိုသာ အချက်အလက်မျှဝေပါတယ်။
IIMM ရဲ့ လုပ်ပိုင်ခွင့်ဆိုတာဘာလဲ။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေသတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆိုးဆိုးဝါးဝါးကျူးလွန်တဲ့ သက်သေအထောက်အထားတွေကို စုဆောင်းပါတယ်။ စုဆောင်းထိမ်းသိမ်းပါတယ်။ ဘယ်လောက်ထိဆိုးဝါးသလဲ။ ခိုင်လုံသလဲ။ ဘယ်သူတွေမှာ အဓိကတာဝန်အရှိဆုံးလဲဆိုတဲ့ အချက်တွေကို သုံးသပ်ပါတယ်။ ခိုင်လုံတဲ့အချက်တွေကို နိုင်ငံတော်အဆင့် ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်တရားရုံးတွေမှာ တရားစွဲဆိုတဲ့အခါမှ သက်သေအထောက်အထားအဖြစ်အသုံးပြုနိုင်အောင်ပံ့ပိုးပေးပါတယ်။
IIMMဟာ ဘယ်လိုအမှုမျိုးတွေကို စုဆောင်းပါသလဲ
မြန်မာနိုင်ငံဘယ်ဒေသမှာဖြစ်ဖြစ် ဘယ်သူကဘဲ ကျူးလွန်တာဖြစ်ဖြစ် စုဆောင်းပါတယ်။
ကျူးလွန်မှုဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေသတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆိုးဆိုးဝါးဝါးကျူးလွန်တဲ့အမှုမျိုးဖြစ်ရပါမယ်။ ဆိုလိုတာကတော့ လူအများအပြားအပေါ် သက်ရောက်စေတာ၊ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက်ကျုးလွန်တာ၊ အထူးကာကွယ်ပေးရမဲ့ လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပေါ် ကျူးလွန်တာမျိုးကို ဆိုလိုတာပါ။
နောက်တခုက ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ကျူးလွန်တာဖြစ်ရပါမယ်။ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းမှာ ကျူးလွန်တာဖြစ်ရပါမယ်။
အရေးကြီးတာကတော့ ပေးပို့တိုင်ကြားတဲ့ အကြောင်းအရာတွေဟာ တရားရုံးမှာအထောက်အကူပြုနိုင်ဖို့အတွက် ခိုင်မာဖို့လို့ပါတယ်။ အဓိကအခြေခံအချက်တွေဖြစ်တဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်အချိန် ဘယ်နေရာမှာ ဘာလုပ်လဲ ဘယ်လိုလုပ်သလဲ ဆိုတဲ့ အချက်မျိုးဖြစ်ရပါမယ်။ “ခွေးတွေ လာဆွဲလို့ ပါသွားကြပြီ” ဆိုတဲ့သတင်းမျိုးထက်ပိုမိုတိကျခိုင်လုံတဲ့ သတင်းမျိုးဖြစ်ဖို့လိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးတာတွေကို တိုင်ကြားလို့ရလား။
IIMM ကနေ မတ်လ (၁၇) ရက်နေ့မှာ ကြေညာပါတယ်။ ဥက္ကဌ ခွန်ဂျန်က အခုကျူးလွန်နေတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတဲ့အကြောင်း သက်သေပြနိုင်မဲ့ မှတ်တမ်းတွေ၊ ပေးခဲ့တဲ့ အမိန့်တွေနဲ့ မူဝါဒတွေကို ဘယ်လို ပြဌာန်းခဲ့သလဲ ဆိုတဲ့ အထောက်အထားတွေကို ပြနိုင်ဖို့အတွက် တရားမဝင်အမိန့်တွေနဲ့ မူဝါဒတွေကို လက်ခံရရှိခဲ့သူတွေ သို့မဟုတ် သိတဲ့သူတွေက ဆက်သွယ်ပေးပို့ဖို့ တိုက်တွန်းထားပါတယ်။ ဆိုလိုတာက ဘယ်တပ်ရင်း တပ်မတွေပါဝင်သလဲ။ ဘယ်သူက တာဝန်အရှိဆုံးလဲ။ ဘယ်လိုအမိန့်ညွန်ကြားချက်တွေကို ထုတ်ပြန်သလဲ။ လမ်းပေါ်မှာ ပစ်မိန့်ပေးတာဘယ်သူလဲ။ နှိပ်စက်သတ်ဖြတ်မိန့်ကို ဘယ်သူပေးလဲဆိုတဲ့ အမိန့်စီးဆင်းမှု (chain of Command) တွေနဲ့ပတ်သက်ပြီး အထောက်အထားတွေကို ပေးပို့လို့ ရပါတယ်။
ဘယ်ကို ပေးပို့နိုင်မလဲ
Singal +41 76 691 12 08
ProtonMail [email protected] ကိုပေးပို့နိုင်ပါတယ်။
ရလာတဲ့အချက်တွေကို IIMM က ဘာလုပ်မှာလဲ
အချက်တွေကို လုံခြုံစိတ်ချရစွာ သိမ်းဆည်းပါမယ်။ အချက်အလက်တွေကို သုံးသပ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ စံချိန်တွေနဲ့ ကိုက်ညီမညီကို စစ်ဆေးပါတယ်။ ကိုက်ညီတယ်ဆိုရင် ရာဇဝတ်မှုဆိုင်ရာအမှုတွဲကို ဖွင့်ပါတယ်။ အချက်အလက်အထောက်အထားတွေကို နိုင်ငံတော်အဆင့် ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်တရားရုံးတွေမှာ တရားစွဲဆိုတဲ့အခါမှ သက်သေအထောက်အထားအဖြစ်အသုံးပြုနိုင်ဖို့ လွှဲပေးပါတယ်။ ရာဇဝတ်မှုနဲ့အရေးယူနိုင်ဖို့ လုပ်ငန်းစဥ်အတွက်သာမကဘဲ ဒီလိုရာဇဝတ်မှုတွေနောက်ထပ်မဖြစ်အောင် ကြိုးပမ်းတဲ့အခြားလုပ်ငန်းစဥ်တွေအတွက်လဲ ပေးပို့နိုင်ပါတယ်။
ရာဇဝတ်မှု ကျူးလွန်ံခံရတဲ့သူတွေရဲ့ အခန်းကဏ္ဏက ဘာလဲ
ရာဇဝတ်မှု ကျူးလွန်ံခံရတဲ့သူတွေကိုယ်တိုင် တိုင်ကြားနိုင်ပါတယ်။ ရာဇဝတ်မှုတွေကို ဥပဒေအတိုင်းစီရင်နိုင်ဖို့အတွက် ထွက်ဆိုနိုင်ပါတယ်။ သူတိုရဲ့ထွက်ဆိုချက်တွေက အဓ်ကအထောက်အထားတွေပါ။ သူတိုံတိုင်ကြားချက်တွေကို အထူးလုံခြုံ
စွာ ထိမ်းသိမ်းထားရှိမှာဖြစ်ပြီး တရားရုံးမှာထွက်ဆိုတဲ့အခါမှာလဲ သူတို့ဆန္ဒအရသာ ထွက်ဆိုရမှာဖြစ်ပါတယ်။
IIMM နဲ့ FFM ဘာကွာသလဲ
Fact Finding Mission – FFM (Myanmar) ဆိုတာ IIMM မဖွဲ့ခင်က ရှိတဲ့ကော်မရှင်ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၂၀၁၇ ခုနှစ တ်လ (၂၄) ရက်မှာ ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ Mr. Marzuki Darusman (Indonesia)၊ Ms. Radhika Coomaraswamy (Sri Lanka) နဲ့ Mr. Christopher Dominic Sidoti (Australia) စတဲ့ အဖွဲ့ဝင် (၃) ဦးပါပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းမှတ်တမ်းတင်ဖို့တာဝန်ပေးခဲ့ပါတယ်။ ဒီမစ်ရှင်က ၂၀၁၇ ကနေ ၂၀၁၈ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးလို့ အစီရင်ခံစာတွေကို တင်ပြခဲ့ပါတယ်။ ၂၀၁၉ ခု စက်တင်ဘာလက သူတို့ထုတ်ပြန်ခဲ့တဲ့ တောင်းဆိုချက်ထဲမှာ ကာချုပ်အပါအဝင် ထိပ်သီးခေါင်းဆောင် (၆) ဦးကို စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့၊ ICC ကိုတင်ဖို့၊ အများဆုံးတာဝန်ရှိသူများတွေကို ခရီးသွားလာခွင့်တွေကို ပိတ်ဖို့၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးမပြုနိုင်အောင် ပိတ်ပင်ဖို့၊ ကျူးလွန်သူတဦးချင်းကို ပစ်မှတ်ထားအရေးယူဖို့၊ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ FFM တောင်းဆိုခဲ့တာကို ကြည့်ရင် မြန်မာပြည်သူတွေ အခုတောင်းဆိုနေတဲ့အချက်တွေဆိုတာ သတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်တုံးက အစိုးရတာဝန်ယူထားတဲ့ အန်အယ်ဒီအစိုးရက ဒီ FFM ကို လက်မခံခဲ့သလို အသိအမှတ်လဲ မပြုခဲ့ပါဘူး။ ၂၀၁၉မှာသက်တမ်းကုန်သွားတဲ့အတွက် သူတို့ရဲ့တွေ့ရှိချက်တွေကို IIMM ကို လွှဲပြောင်းခဲ့ပါတယ်။ IIMM က ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဆက်စပ်ပိုစ့်များ

Accountability for crimes
ရာဇဝတ်မှုများအတွက် တာဝန်ခံမှု နိုင်ငံတကာတရားရုံးတွေရဲ့အပြစ်ပေးစီရင်မှုတွေကို လေ့လာကြည့်တဲ့အခါမှာ တာဝန်ရှိမှု

A crime against humanity
လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု အနည်းဆုံးစာရင်းတွက်ကြည့်ရင် တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၃) ခု၊