တက်ကြွလှုပ်ရှားသူများအား ကြိုးပေးကွပ်မျက်မှုအပေါ်  ပြင်းထန်စွာ ရှုတ်ချခြင်းနှင့် အဆုံးအဖြတ် ပေးနိုင်သည့် နိုင်ငံတကာ အရေးယူ လုပ်ဆောင်မှုများ လုပ်ဆောင်ရန် တောင်းဆိုခြင်း 

တက်ကြွလှုပ်ရှားသူများအား ကြိုးပေးကွပ်မျက်မှုအပေါ်  ပြင်းထန်စွာ ရှုတ်ချခြင်းနှင့် အဆုံးအဖြတ် ပေးနိုင်သည့် နိုင်ငံတကာ အရေးယူ လုပ်ဆောင်မှုများ လုပ်ဆောင်ရန် တောင်းဆိုခြင်း 
၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ အနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် တရားမဝင် အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့အား ကွပ်မျက်ခဲ့မှုအပေါ်  ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ အပ်ပါသည်။

၎င်းတို့၏ လူမဆန်သော အကြမ်းဖက်သတ်ဖြတ်မှုကို ကြွားလုံးထုတ်သည့် အနေဖြင့် ကွပ်မျက်သည်ဟု ယူဆရသော သတင်းကို ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် လူသိရှင်ကြား သတင်းကြေငြာ ထုတ်ပြန်ခဲ့ပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ အနေဖြင့် လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းနိုင်ရေးအတွက်  ရွပ်ရွပ်ချွံချွံ ကြိုးစားတိုက်ပွဲဝင်ရင်း အသက်ပေးသွားသော သူရဲကောင်းများ၏ မိဘဆွေမျိုး၊ မိတ်ဆွေများနှင့်ထပ်တူ ပူဆွေးဝမ်းနည်းမိပါကြောင်း ဖော်ပြအပ်ပါသည်။ ကွပ်မျက်ခံသောသူများအနက် ကိုဂျင်မီသည် ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို ကိုဇေယျာ‌သော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်ပါသည်။

လူသတ်မှုများ ကျူးလွန်ခြင်းနှင့် ကွပ်မျက်ခြင်းတို့သည် အာဏာသိမ်းစစ်ကောင်စီ အဆက်ဆက်က ကျင့်သုံးနေကျ ရှေးရိုးစွဲ နည်းဗျူဟာများ ဖြစ်သော်လည်း ယခုကွပ်မျက်ခံရသော ပုဂ္ဂိုလ်တို့သည် ဆယ်စုနှစ်သုံးစုအတွင်း စစ်ကောင်စီ၏ အဓမ္မမတရားဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ပထမဆုံး ကြိုးပေး သတ်ဖြတ်ခံရသောသူများ ဖြစ်ပါသည်။ တရားဥပဒေနှင့်အညီ ခံစားပိုင်ခွင့်ရှိသည့် ခုံရုံးဖွဲ့ အယူခံခံပိုင်ခွင့်၊ တရားဥပဒေအရ အကာအကွယ်ရရှိပိုင်ခွင့် စသော လုပ်ထုံးလုပ်နည်းများနှင့် အစီအစဉ်များအား စစ်ခုံရုံးက တိုက်ရိုက်ပယ်ချပြီး ကြိုးပေးကွပ်မျက်ခြင်းအား  ဥပဒေမဲ့ တံခါးပိတ် စီရင်ခဲ့ပါသည်။

အာဆီယံ ဥက္ကဌ ဟွန်ဆင်က “စစ်ကောင်စီ၏ သေဒဏ်အမိန့် အစီအစဉ်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝိုင်းဝန်းရှုတ်ချမှုများကို ရင်ဆိုင်ရပြီး  ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်စေကြောင်းနှင့် အာဆီယံ၏ ဆောင်ရွက်ချက်များအပေါ် ပြင်းထန်စွာ သက်ရောက်စေနိုင်ကြောင်း” အကြမ်းဖက်စစ်ကောင်စီကို  သတိပေးပြောကြားခဲ့ပြီး ထိုသေဒဏ်အမိန့်အား ပယ်ဖျက်ပေးရန် ပန်ကြားစာတစောင်ကို ဇွန်လ ၁၀ ရက်နေ့က ပေးပို့ခဲ့ပါသည်။

ယခု ကွပ်မျက်မှုသည် လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ရေးနှင့် အပြစ်ပေးရေးဥပဒေအရ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုပိုင်ခွင့်မရှိဟု စစ်ကောင်စီဘက်မှ ငြင်းဆိုတင်သွင်းမှုကို နိုင်ငံတကာတရားခုံရုံးက ပယ်ချပြီးနောက် နာရီပိုင်းအလွန်တွင် စီရင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြုမူခြင်းအားဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း စစ်တပ်၏ ရိုဟင်ဂျာများအပေါ်တွင် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ထားခဲ့သော အမှုများမှာ အမှန်အကန် တည်ရှိကြောင်း သက်သေပြလိုက်သည့်အပြင် တရားရုံး၏ အမှုကြားနာမှု အဆင့်အတွက် လမ်းရှင်းပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မျက်နှာစုံညီ အစည်းအဝေးကို အရေးပေါ် ခေါ်ယူကျင်းပရန် လိုအပ်နေပြီဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန် လုံခြုံရေးကောင်စီက တောင်းဆိုခဲ့သည့် ယခင်ထုတ်ပြန် တောင်းဆိုချက်များမှာ  မအောင်မြင်ရုံသာမက အကြမ်းဖက် စစ်ကောင်စီကို ရာဇဝတ်မှုများအား ဆက်လက် အရှိန်မြှင့် လုပ်ဆောင်လာစေရန် နှိုးဆော်ရာ ရောက်နေသည်။ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ အခြေအနေအား နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် တရားစွဲဆိုရန် ရည်ညွှန်းသည့် ဆုံးဖြတ်ချက် အပါအဝင် အခြားအရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းဖြင့်  တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့အပြင် အာဆီယံအနေဖြင့် ဥက္ကဋ္ဌဟွန်ဆန်၏ သတိပေးချက်ကို လိုက်နာ ဆောင်ရွက်ကြောင်းနှင့် ယခုကွက်မျက်မှုအပေါ် ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့် ကြေညာချက်ကို နောက်ဆက်တွဲ ဆောင်ရွက်ကြောင်း ပြသသည့်အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအ‌ပေါ် ခြိမ်းခြောက်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီအပေါ် စုပေါင်းအရေးယူရန် ဆောင်ရွက်ရမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသည့် ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ပြည်သူများအနေဖြင့် နာကျင်ခံပြင်းမှုများအား စိတ်ခွန်အားအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးကို ကျရာနေရာမှ ပါဝင် တိုက်ပွဲဝင်ကြရန် မြန်မာပြည်သူပြည်သားများအား နှိုးဆော်ထားသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်ဖက်ဆစ်ဝါဒ အမြစ်ပြတ် ပျောက်ကွယ်သွားစေရေးအတွက် ပြည်သူလူထုနှင့်အတူ အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သံန္နိဌာန်ပြုပါသည်။   

 နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။