အစိုးရဖွဲ့စည်းခြင်း တစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဧပြီ (၁၆) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး​ ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အချက်အလက်များ ကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အရေးယူဆောင်ရွက်နိုင်ရန် ကြိုးပမ်းခြင်း၊​ လူ့အခွင့်အရေးနှင့် ပတ်သက်သော ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများကို လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီမှုရှိစေခြင်း စသည့် လုပ်ငန်းစဉ် လေးရပ်ကို ချမှတ်အကောင်အထည် ဖော်ခဲ့သည်။  

ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ရာဇဝတ်မှု ချိုးဖောက်မှုများကို[ ပြည်တွင်း၊ ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်၍ အရပ်ဖက် အဖွဲ့ အစည်းများ ၏ ပူးပေါင်းဆောင်ရွက်ပံ့ပိုးမှုဖြင့် စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ပြီး လူ့အခွင့်အရေးချိုး ဖောက်မှု မှတ်တမ်းထိန်းသိမ်းမှု စနစ်တစ်ခုကိုလည်း စတင်တည်ဆောက် အကောင်အထည် ဖော်နေပြီဖြစ်သည်။

ထို့အပြင် နိုင်ငံတကာအစိုးရများ ၊ လွတ်တော်များ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး ၊ အကြမ်းဖက်စစ်အုပ်စုကို လက်နက်နှင့် စီးပွားရေးပိတ်ဆို့မှုူများ ပြုလုပ်ရေး၊ ​နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများမှတစ်ဆင့် တရားစွဲဆို အရေးယူနိုင်ရေး တိုက်တွန်းတောင်းဆိုခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပြန့်ပွားနိုင်စေရေးအတွက် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ကာတွန်း၊ ရုပ်ပုံ၊ ရုပ်သံများ အသုံးပြုကာ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဝန်ကြီးဌာနအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား၊ ပြည်သူ့ခုခံ တွန်းလှန်စစ်ဆင်နွှဲနေသည့် စစ်သည်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် အကာအကွယ် ပေးခြင်းဆိုင်ရာ မူဝါဒများ ပေါ်ထွက်လာရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ကြရာတွင် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိစေရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ရရှိစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ဦးတည်ချက်များ ဖြစ်သော တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ မူဝါဒရေးရာ ဦးဆောင်မှု၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ၏ ထိန်းကျောင်းမှုနှင့်တကွ မမှိတ်မသုဉ် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။