ရာဇဝတ်မှုများအတွက် တာဝန်ခံမှု

နိုင်ငံတကာတရားရုံးတွေရဲ့အပြစ်ပေးစီရင်မှုတွေကို လေ့လာကြည့်တဲ့အခါမှာ တာဝန်ရှိမှု (Accountability) ဆိုတဲ့အချက်ကို အထူးလေ့လာသုံးသပ်ပြီးဆုံးဖြတ်တာကို တွေ့ရပါတယ်။ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အခါမှာ ကျူးလွန်သူက ဘယ်သူဖြစ်လဲ ဘယ်သူ့အမိန့်ပေးမှုကြောင့်ကျူးလွန်နိုင်တာလဲဆိုတာကို တိတိကျကျလေ့လာသုံးသပ်လေ့ရှိပါတယ်။

တချို့သော ဖြစ်ရပ်တွေမှာ မြေပြင်မှာကျူးလွန်တဲ့သူနဲ့ပတ်သက်တဲ့အချက်တွေကို တိတိကျကျစုဆောင်းရရှိသည့်တိုင်အောင် သူဒီလိုကျူးလွန်နိုင်ဖို့ လုပ်ပိုင်ခွင့်ဘယ်ကရလာသလဲ။ ဘယ်သူက ကျူးလွန်ပိုင်ခွင့်ကို ခွင့်ပြုတာလဲ။ ဒီအမိန့်ကိုမလိုက်နာရင် ဘယ်လိုအန္တရာယ်တွေကျနိုင်လို့ လိုက်နာတာလဲဆိုတာတွေကို လေ့လာပြီး နောက်ကွယ်က စေခိုင်းသူတွေကို ဖော်ထုတ်ပြီး တာဝန်ရှိမှုဆိုတဲ့အချက်နဲ့ တရားစီရင်နိုင်‌အောင်တည်ဆောက်ပါတယ်။ အမိန့်စီးဆင်းမှု (Chain of Order) ကိုတွေ့အောင် တည်ဆောက်ပြီး အမိန့်စီးဆင်းမှုမှာ တာဝန်အမြင့်ဆုံးရှိသူတွေကို ပိုမိုကြီးမားတဲ့စီရင်ချက်ကို ချမှတ်ပါတယ်။ အမိန့်အရတာဝန်ထမ်းဆောင်ရတဲ့သူတွေမှာကတော့ တာဝန်ရှိမှုနည်းသွားပြီး စီရင်ချက်ခံရမှုကလဲ လျော့သွားတတ်ပါတယ်။ ဒါကြောင့် အခုစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုဆောင်းတဲ့အခါ မြေပြင်ဖြစ်စဥ်တွေသာမက ထုတ်ပြန်တဲ့အမိန့်တွေ ဥပမာ စစ်အုပ်စုရဲ့ ကြေညာချက်တွေ၊ စစ်အုပ်ချုပ်ရေးထုတ်ပြန်ချက်အရ တာဝန်ရှိသူတွေ၊ အမိန့်စီးဆင်းမှု စစ်အဂါစဥ်သက်သေတွေက အဓိကတာဝန်ရှိသူတွေကို‌ ဖော်ထုတ်နိုင်ဖို့အတွက် အကောင်းဆုံးသက်သေအထောက်အထားတွေဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ဒါဆိုရင်  လမ်းတွေမှာ ရပ်ကွက်တွေထဲမှာ တွေ့ရာနေရာတွေကို စိတ်ထင်တိုင်း ပစ်ခတ်သောင်းကျန်း နေတဲ့သူ တပ်ဖွဲ့ဝင်တွေက အပြစ်မရှိတော့ဘူးလားလို့ မေးစရာဖြစ်လာပါပြီ။ အထက်က အမိန့်ပေးလို့ဆိုတဲ့စကားအောက်မှာဘဲ သူတို့တွေက အပြစ်ကနေ လွတ်သွားမှာလားဆိုပြီး စောဒကတက်လာနိုင်ပါတယ်။

ဒီအချက်ကိုတော့ သူတို့ရဲ့လုပ်‌ဆောင်မှုနဲ့ ပြန်ဆန်းစစ်နိုင်ပါတယ်။ အခုလုပ်ဆောင်ချက်တွေက အမိန့်အရ လုပ်ဆောင်တာထက် မိမိရဲ့ စိတ်ဆန္ဒနဲ့လုပ်ဆောင်မှုမျိုးတွေဖြစ်နေတာအသေအချာပါ။ သူတို့တွေ တင်ထားတဲ့ ပြည်သူတွေအားလုံးကို လက်နက်ပြပြီး ချိန်းခြောက်ထားတဲ့ ဗီဒီယိုတွေက သူတို့ရဲ့စိတ်ထားကို ဖော်ပြနေပါတယ်။ သူတို့တွေ ရိုက်ထားတဲ့ တစ်တော့တွေက တာဝန်အရ လုပ်ဆောင်ရတာမဟုတ်ဘူးဆိုတာကို ထောက်ပြနေပါတယ်။ ပြည်သူတွေ သက်စွန့်ဆံဖျားမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ လမ်းတွေပေါ်မှာ အော်ဟစ်သောင်းကျန်းပြီး မြင်မြင်ရာပစ်ခတ်နေတာက သူတို့ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်စေပါတယ်။ လူတွေကို ဖမ်းမရရင် တွေ့သမျှကိုရိုက်နှက်ဖျက်ဆီးတာတွေက သူတို့ရဲ့ ခိုးဆိုးလုယက်လိုတဲ့အတွင်းစိတ်ကို ထင်ရှားစေပါတယ်။ လက်နက်မဲ့တဲ့သူတွေ အမျိုးသမီးငယ်တွေ ကလေးငယ်တွေကို  အလွန်အကျွံရိုက်ပုတ်နှိပ်စက်နေတာတွေဟာ အမိန့်အရတာဝန်ထမ်းဆောင်တာမဟုတ်ဘူးဆိုတဲ့ သက်သေတွေကို ဖော်ပြနေပါတယ်။ ဒီသက်သေအထောက်အထားတွေက တချိန်ချိန်ကျရင် တာဝန်အရလုပ်ရပါတယ်ဆိုတဲ့အပြောမျိုးနဲ့ ဥပဒေစီရင်ချက်ကို ‌ရှောင်လွဲလို့မရနိုင်ပါဘူး။

ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ကြပါစို့။

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

ဆက်စပ်ပိုစ့်များ